ရုံးနားက သတ်သတ်လွတ် ရှမ်းခေါက်ဆွဲဆိုင်လေး စဖွင့်တော့ တစ်ပွဲ ၂၀၀-ကျပ်တဲ့ ... ဓာတ်ဆီဈေးတွေ ပြောင်းလဲမှုလုပ်ပြီး သိပ်မကြာပါဘူး ၂၅၀ ဖြစ်သွားရော... ခု အစိုးရ ၀န်ထမ်းတွေ လစာလည်းတိုးပြီးရော ၃၀၀ တဲ့...
၂၅၀ လည်းဖြစ်သွားရော ဘိုင်ကောင် မောင်လှ မနက်စာ မစားပဲ အငတ်ခံနေတာ ကြာပြီဆိုပါတော့ဗျာ... သူတို့တွေသာ တက်.. ကျတော်တို့ ကုမ္ပဏီဝန်ထမ်းလစာ တွေမှ မတက်ဘဲ... မလောက်မငှ ဖြစ်တော့ မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်သွားတယ် ဆိုပါတော့ဗျာ...
နေ့လည် သုံးနာရီမှာ ပေးတဲ့ ကော်ဖီသောက်ချိန်လေးမှာတော့ ကော်ဖီသောက်နေသေးတယ်ဗျ... ဟိုနေ့က လူက ၂-ယောက် တစ်ယောက်က နက်စ်ဘလက် (ရန်ကုန်အခေါ် ဘလက်အော ဆိုလား အောဘလက် ဆိုလား) တစ်ယောက်က နက်စ်ပလိန်းနဲ့ လန်ဒန်သောက်တာ ၆၅၀ တောင် ရှင်းလိုက်ရတယ်ဗျ... လန်ဒန်က ၁-လိပ်လား ၂-လိပ်လား မသိပါဘူးဗျာ...ကိုယ့်ဘာသာကိုယ် ကော်ဖီဖျော်ယူသွားပြီး သူတို့ဆိုင်မှာ မုန့်ပဲ စားသာ ကောင်းမယ် ထင်ပါရဲ့ဗျာ...
အေးဗျာ... စိတ်များညစ်ပါတယ်... ခု မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်နေပြီ... နေ့လည်စာနဲ့ ညစာ ထပ်ပြီး ပေါင်းစားရမယ့် ဘ၀ မရောက်ပါစေနဲ့လို့ ဆုတောင်းပေးကြပါဦးဗျာ...
ကျတော် လစာဘယ်လောက်ရလဲ ဟုတ်စ... အေးဗျာ ကျတော် တစ်လကို မြန်မာကျပ်ငွေ တစ်ပုံးကျော်ကျော် ၀င်ငွေရှိတယ်ခင်ဗျ... အောက်ဆိုဒ်တွေ ဘာတွေတော့ လုံးဝမရှိတဲ့ ရုံးထိုင် ၀န်ထမ်းလေးပါ... ခုကျတော် အရက်မသောက်၊ ဆေးလိပ်မသော်၊ လောင်းကစားမလုပ်၊ အပျော်အပါး မလိုက်စားဘဲ မလောက်မငှ ဖြစ်နေတာပါခင်ဗျ...
ဟိုး အလုပ်စလုပ်တဲ့ ၁၉၉၆ ခုနှစ်တုန်းက တစ်လမှ ၂၀၀၀-ကျပ်ရတဲ့ အကူဘ၀လေးကို ပြန်တမ်းတမိတယ်ဗျာ... အဲဒီတုန်းက တစ်လကို ၃-ခါ လောက် ရွှေခိုင်မှာ အသေကိုင်နိုင်သေးတယ်ဗျ... အခုတော့ တစ်နှစ်ကို သုံးခေါက်လောက် ရွှေခိုင်ရောက်ဖို့ အနိုင်နိုင်ရယ်...
”သြော် ... ရှမ်းခေါက်ဆွဲ ...” မဟုတ်တော့ဘူး ... ”သြော်... ကုန်ဈေးနှုန်း” လို့ ခေါင်းစဉ် ပြန်ပြောင်းရမယ် ထင်ပါ့...

Comments