Skip to main content

Posts

သမီးလေးရေ...

သမီးလေး နေမကောင်းဖြစ်တဲ့ အချိန်တိုင်း သူ့အမေ အလုပ်မအားတာနဲ့ အမြဲ တိုက်ကို တိုက်ဆိုင် နိုင်လွန်းတယ်... သူ့အမေက ခွင့်ယူဖို့ အဆင်မပြေဆိုတော့ အဆင်ပြေတဲ့ ကျတော်ပဲ ခွင့်ယူရတာပေါ့... ရပ်ကွက်ထဲက ပြောလှပြီ သမီးကို အမေထက် အဖေက ပိုချစ်တယ်ထင်ပါ့တဲ့... ကလေးနေမကောင်းတိုင်း အဖေကချည်းပဲ ခွင့်ယူပြီး ချော့နေလို့တဲ့လေ... အို.. သမီးရေ... နေမကောင်းဖြစ်မယ်ဆိုရင်လည်း သမီးအမေ ခွင့်ယူလို့ရတဲ့ အချိန်မှ ဖြစ်ပါလားကွယ်... သမီးရေ နေမကောင်းတာ မဖြစ်ရင် အကောင်းဆုံးပေါ့ကွာ...

စကားပြောခြင်း

အရေးကြီးသောကိစ္စ စကားကိုဖြည်းဖြည်းပြောပါ။ ပြဿနာကြီးမားပါက စကားအားသေချာပြောပါ။ ပြဿနာသေးလျှင် စကားကိုဟာသနှော၍ပြောပါ။ မယုံကြည်ရသောကိစ္စ စကားကိုဆင်ခြင်ပြောပါ။ မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့မပြောပါနှင့်။ မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။ လူတစ်ဖက်သား ထိခိုက်စေသောစကားများ မပြောပါနှင့်။ မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။ ပျော်ရွှင်စရာကိစ္စ လူအများရှေ့တွင်ပြောပါ။ စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။ သူတပါးကိစ္စ သတိထားပြီးပြောပါ။ ကိုယ့်ကိစ္စ တစ်ပါးသူဘယ်လိုပြောလဲနားထောင်ပါ။ သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။ လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။ သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။ ...ကိုနိုင်းနိုင်းစနေ ရဲ့ blog မှ ကူးယူဖော်ပြသည်... အမှားပြင်ဆင်ချက် -ကိုနိုင်းနိုင်းစနေ မဟုတ်ဘူးတဲ့ မနိုင်းနိုင်းစနေတဲ့

သတင်းအရေးအသားတွေလဲလျော့ဦးမှ

အင်တာနက် မသုံးဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးက မင်းနာမည်တွေ ကြီးနေတယ်တဲ့... ကိုးကားပြီးရေးတာမှန်ပေမယ့် အရေးအသားတွေက တွယ်သလို ဖြစ်နေတယ်တဲ့... သတိထားဦးတဲ့... လို့ဆိုလာတဲ့အတွက် နာမည်ကြီးမှုကို မနှစ်သက်တဲ့ ကျတော် သတင်း၊ အတင်း၊ ကောလဟာလ အရေးအသားများကို လျော့ချပြီး ကိုယ်ပိုင်ဒိုင်ယာရီ အနေနဲ့ ဆက်သွားဖို့ လက်တလော ဆုံးဖြတ်ထားကြောင်းပါ... ကျတော် သတင်းထောက် မဟုတ်ပါ... ကျတော် ဂျာနယ်လစ် မဟုတ်ပါ... ကျတော် နိုင်ငံရေးသမား မဟုတ်ပါ... ကျတော် အဖွဲ့အစည်း တစ်ခုခုရဲ့ ၀ါဒဖြန့်ချီရေးသမား မဟုတ်ပါ... ကျတော် အစိုးရ ၀န်ထမ်း မဟုတ်ပါ... ကျတော် ပိုက်ဆံရလို့ ရေးနေခြင်းမဟုတ်ပါ... ကျတော်ဟာ စိတ်ကူးပေါက်ရာ လျှောက်ရေးတတ်သူ တစ်ယောက်ပါ... ကျတော်ဟာ မိသားစုကို လုပ်ကြွေးနေရတဲ့ သာမာန်ပြည်သူ တစ်ယောက်ပါ... နိုင်ငံရေးသမားကြီးတွေတောင်မှ ဖိအားပေးရင် ဘာခံနိုင်လို့လဲ... ကျတော်လဲ ဖိအားပေးမှု မခံရခင်... အရေးအသားများကို လျော့ပါတော့မယ်... Personal Diray လေးအဖြစ်သို့ ပြန်အသွင်ပြောင်းပါတော့မယ်... အစကတည်းက ဒါလေးက ကျတော့်ရဲ့ ဒိုင်ယာရီလေးပါ... ကျတော့် မိသားစု ထမင်းကောင်းကောင်းစားရဖို့၊ ညကောင်းကောင်း အိပ်ရဖို့ ကျတော် နေရပါမည်..

My New Signature

လူရွှင်တော်ကြီး မြို့တော် ဦးပေါစံ

သြော်.. ကျတော် မဖြစ်ပါစေနဲ့ လို့ ဆိုတောင်းမိတာ ဆုတောင်း မပြည့်ပါလား... ကျတော် ရုံးသွား ရုံးပြန် သွားရတဲ့ လမ်းက လူရွှင်တော်ကြီး ဘဘ မြို့တော် ဦးပေါစံ တို့ အိမ်ရှေ့ကနေဖြစ်သွားရပါတယ်... ခါတိုင်းဆို မနက်တိုင်း အိမ်ရှေ့မှာ ထိုင်ထိုင်နေတာ မြင်မိပါတယ်... ခုမှ သတိထားမိတာ မမြင်မိတာ တော်တော် ကြာသွားပါပြီလား... မနေ့ ရုံးက ပြန်တော့ ဘဘတို့ အိမ်ရှေ့က ဖြတ်တော့ နာရေး ကိစ္စရှိတဲ့ပုံစံပေါက်နေတယ်... ဒီနေ့ မနက် ရုံးလာတော့ ယာယီမဏ္ဍပ်တောင် ဆောက်ထားတယ်... ကျတော် ဆုတောင်းမိတယ် ဘဘ ဦးပေါစံ မဖြစ်ပါစေနဲ့လို့... ခုတော့ဗျာ ဆုတောင်း မပြည့်ပါဘူး... မနေ့က ဘဘ ဦးပေါစံ ကွယ်လွန်သွားပြီတဲ့လေ... NativeMyanmar Forum မှာ StevenAlexander ရေးထားတာပါ.... မန္တလေးမြို့၊လမ်း ၈၀၊၁၅ လမ်းနှင့် ၁၆ လမ်းကြားနေ လူရွှင်တော်ကြီးမြို့တော်ဦးပေါစံ( အနုပညာဦးစီးဌာန(အကြံပေး) ) ( အသက် ၈၁ နှစ် ) သည် မန္တလေးမြို့၌ ၈-၀၆-၂၀၀၆ ညနေ ၅း၃၀ တွင် ကွယ်လွန်၍ ၁၀-၀၆-၂၀၀၆ မွန်လွဲ ၂ နာရီတွင် အထက်ပါနေအိမ်မှ ကြာနီကန်သုသာန်သို့ ပို့ဆောင်သဂြိုလ်မည် ဖြစ်ပါသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ဒေါ နှင့်သားသမီး ၅ ယောက် ၊ မြေး ၄ ယောက် ၊ မြစ် ၁ ယောက်တို့ကျန်ရစ်သည်။