photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Sunday, May 11, 2008

ရန်ကုန်သား တစ်ယောက်ရဲ့ ကိုယ်တွေ့ နာဂစ် (Myanmar Cyclone)

အောက်ဖော်ပြပါ အကြောင်းအရာများကို NativeMyanmar တွင် ကိုမင်းအို ရေးသားခဲ့ခြင်း ဖြစ်ပြီး ကိုမင်းအိုထံ ဖုန်းဖြင့် ခွင့်တောင်းကာ ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်.... ယခုလို ကျတော့် ဘလော့မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကိုမင်းအိုကို ကျေးဇူးအထူး တင်ရှိကြောင်းပါ...

သောကြာနေ့
မုန်တိုင်းက လမ်းကြောင်းပြောင်းသွားပြီ...။ ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်းထဲကို ဖြတ်မတဲ့...။ အိမ်ကို ဖုန်းဆက်တယ်...။ ရိက္ခာနှစ်ရက်စာလောက် ၀ယ်ထားကွယ်ပေါ့...။ လေသံပျော့လေးနဲ့...။ စိတ်ထဲ သိပ်တော့မပူ...။ အင်တာနက်ကတော့ ပြင်းထန်သော မုန်တိုင်းကြီးဆိုလို့ သတိပေးစာလေးဘာလေးတော့ ရေးဖြစ်တယ်...။ လေတွေတိုက်မယ်ပေါ့...။ မိုးတွေရွာမယ်ပေါ့...။

သောကြာည
ညနေကတည်းက မိုးကခပ်ဖွဲဖွဲစရွာတယ်...။ ညမိုးချုပ်တော့ မိုးသိပ်မရွာ...။ ဒီမုန်တိုင်းက ဘယ်လိုလဲပေါ့...။ အိမ်မှာတော့ ဟိုအကြောင်း ဒီအကြောင်းပြောကြရင်း စကားဝိုင်းဖွဲ့နေလိုက်ကြတယ်...။ လေက အသံနည်းနည်းပါလာတယ်...။ လေချွန်သလိုလိုေ>မတွန်သလိုလို အသံတွေ ကြားလာရတယ်...။ ပြတင်းကကြည့်တော့ သစ်ပင်တွေ ယိမ်းနွဲ့လို့...။


ည ၁၂နာရီကျော်တော့ လေသံက သိသိသာသာ ပြင်းလာတယ်...။ အုန်းပင်တွေက အုန်းလက်တွေက လေတိုက်လို့ လန်ထွက်သွားတဲ့ ထီးကိုင်းတွေလို ဖြစ်နေတယ်...။ မိုးက ရေမပါလှဘူး...။ လေကပဲ ပိုပိုတိုက်လာတယ်...။

စနေနေ့ကို ကူးသွားပြီ...။
အနောက်ကနေ အရှေ့ကို တိုက်တယ်...။ ဆက်တိုက် တိုက်တယ်...။ ဘယ်လိုပြောရမလဲ ဖားဖိုနဲ့ မှုတ်နေသလိုပဲ...။ လေလုံးက တစ်လုံးပြီး တစ်လုံး အလုံးလိုက် ဆက်လာတယ်...။

မနက် ၃နာရီကျော်ပြီ...။ သစ်ပင်တွေ လမ်းမှာ လဲစပြုပြီ...။ ဓါတ်တိုင်တွေ လဲကုန်တာ မြင်နေရပြီ...။ အပေါ် ခြောက်လွှာက ဂျေအယ် (သခင်ကြီး)ရဲ့ အခန်းကို တက်ကြည့်ဖြစ်တယ်...။ သူ့အခန်းက ပြတင်းတစ်ချပ် ပွင့်ထွက်သွားပြီ...။ အိမ်မကြီးတံခါးနှစ်ချပ်လည်း လေက တိုးဖွင့်သွားလို့ သော့ခတ်ထားပေမယ့် အိမ်က ပွင့်လို့...။ အပေါ်က ကြည့်ရတော့ လေက ကြောက်စရာ ပိုကောင်းတာ မြင်နေရတယ်...။

မနက် ၅နာရီ...။ ဘေးကပ်လျက်အိမ်က အမိုးတစ်ခုလုံး လေထဲပါသွားတယ်...။ ရန်ကင်းဈေးက အမိုးကြီး ပွင့်ထွက်သွားပြီ...။ ဘယ်ကမှန်းမသိတဲ့ သွပ်ပြားတွေက လေထဲမှာ ပျံဝဲလို့...။

လူတချို့ကို လေထဲမှာ သွားနေတာမြင်ရတယ်...။ တစ်ခုခု စိတ်ပူစရာ ရှိတဲ့လူတွေ ဖြစ်မှာပေါ့...။ တချို့ကျတော့လည်း အဲဒီလိုမဟုတ်ဘူး...။ လွင့်လာတဲ့ သွပ်ပြားတွေကို လိုက်ကောက်နေတယ်...။ ကိုယ့်အိမ်ကလည်း မဟုတ်ဘူး...။ စားဝတ်နေရေးအတွက် ဒီလောက်တောင် သက်စွန့်ဆံဖြားလုပ်ဖို့လိုအပ်ပါသလားလို့ ကျွန်တော် မေးခွန်းထုတ်နေမိတယ်...။

မနက် ၆နာရီကျော်...။ အိမ်က သိမ့်ခနဲ သိမ့်ခနဲ လေကြောင့် လှုပ်သွားတာကို ခံစားနေရတယ်...။ ခြောက်ထပ်တိုက်ကြီးက အဲဒီလိုဖြစ်တော့ အိမ်ကလူတွေ သွေးပျက်ကုန်ကြပြီ...။ တစ်အိမ်လုံး တစ်ညလုံးလည်း မအိပ်ဘဲ ငုတ်တုပ်ထိုင်နေကြရတာလေ...။

မနက် ၈နာရီကျော်...။ မိုးရွာလာတယ်...။ လေက ပိုပြင်းလာတယ်...။ မြောက်ကနေ တောင်ကို လေလမ်းကြောင်းက ပြောင်းပြောင်းပြီး တိုက်တယ်...။ အနားက သစ်ပင်တွေ တစ်ပင်မှ မရှိတော့...။
မနက် ၉နာရီခွဲ...။ ကျွန်တော် အိမ်ထဲမှာ မနေနိုင်တော့...။ လေနဲ့ မိုးက ကျနေတုန်း...။ ရန်ကင်းက တိုက်ခန်းကို သွားကြည့်ဖြစ်တယ်...။ အရေးထဲ အိမ်မှာ မိုးကာမရှိဘူး...။ ဓါးမ မရှိဘူး...။ သံခမောက်တစ်လုံးဆောင်းပြီး မိုးထဲမှာ ထီးတစ်ချောင်းကို မဖွင့်ဘဲ လက်ကကိုင်လို့...။ ရှမ်းတိုက်ပုံဝတ်လို့ လူတစ်ယောက် လေထဲမိုးထဲ လမ်းလျှောက်နေတာများ တွေ့ခဲ့ရင် အဲဒါ ကျွန်တော်ပေါ့...။

အခန်းရောက်တော့၊ လေးလွှာကို တက်လိုက်တယ်...။ အပေါ်ဆုံးထပ်ဖြစ်လို့ အမိုးတွေ မရှိတော့...။ မျက်နှာကျက်တွေက ပြိုကျ...။ ရေတွေက နံရံတွေနဲ့ မျက်နှာကျက်တွေက ကြမ်းပေါ်စီးကျလို့...။ ဘာတတ်နိုင်မှာလဲ...။ ဘာလုပ်နိုင်တော့မှာလဲ...။ ကြည့်ရုံအပြင် ဘာမှ မတတ်နိုင်တော့...။ စာအုပ်စင်ကြီးကိုတော့ သံယောဇဉ်မကုန်သေးလို့ တစ်ချက်လှမ်းကြည့်လိုက်တယ်...။ ပြီးတော့ ကျွန်တော် အခန်းကနေ ပြန်ဆင်းလာခဲ့တယ်...။
နေ့လည် ၁၂နာရီလောက်မှာ မုန်တိုင်းက ရပ်သွားတယ်...။
မမေ့နိုင်သော စနေနေ့ပေါ့...။


စနေညနေ...
လမ်းပေါ်မှာ သစ်ပင်တွေ၊ ဓါတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ၊ လူတွေ...။ သစ်ပင်တွေ အမြစ်ကနေကို ကျွတ်ထွက်လို့... ဓါတ်တိုင်တွေက သုံးပိုင်းစီကျိုးကြေလို့၊ ဆိုင်းဘုတ်တွေက တွန့်လိမ်ကောက်ကွေး၊ ဘီးလ်ဘုတ်ကြီးတွေက ထက်ပိုင်းကျိုးတာကကျိုး၊ တုံးလုံးလဲတာကလဲလို့...။ လူတွေကတော့ လက်ထဲမှာ ရသမျှ ရိက္ခာလိုက်ဝယ်လို့... ကျွတ်ကျွတ်အိတ်ကိုယ်စီနဲ့...။ ငိုနေတဲ့လူမရှိ...။ ညည်းတွားနေတဲ့လူမရှိ...။ ကြောက်ရွံ့နေတဲ့လူမရှိ...။ ဗမာတွေ...။ သိပ်မာတဲ့ ဗမာတွေ...။ ထုသားပေသားကျနေတဲ့ ဗမာတွေ...။
ဘယ်သူကမှ ဘယ်သူ့ကို မသနားနိုင်...။ ဘယ်သူကမှ ဘယ်သူ့အတွက် သူရဲကောင်းမလုပ်နိုင်...။ အားလုံး ဒုက္ခသည်...။ အနည်းနဲ့အများပဲ ကွာတယ်...။ လူတိုင်း ဆုံးရှုံးကြတယ်...။ လူတိုင်း ထိခိုက်ကြတယ်...။
အိမ်နီးဝန်းကျင်ကို ကျွန်တော်လိုက်ကြည့်မိတယ်...။ ရန်ကင်းချမ်းမြေ့အောင်နားက မီးပွိုင့်ကြီးက လမ်းကို ကန့်လန့်ဖြတ်လို့...။ ဘေးက မဟာဓါတ်အားလိုင်းတိုင်ကြီးနဲ့ ကြိုးတုတ်တုတ်ကြီးတွေကလည်း လမ်းကို တားလို့...။ ဖြတ်သွားဖြတ်လာတွေက အဲဒီကြိုးကြီးတွေကို တစ်ကြိုးကျော် တစ်ကြိုးအောက်က ခေါင်းငုံ့လို့ သွားရတယ်...။ သစ်ပင်ကြီးတွေက လမ်းကို ပိတ်ထားပြန်တယ်...။ ရေက ပေါင်လောက်တက်နေတယ်...။
ရန်ကင်းစင်တာက ဆိုင်းဘုတ်တစ်ခြမ်းမရှိတော့...။ မှန်တွေလည်း ကွဲလို့...။ ဘေးက စက်မှု ၁ လမ်းဘက်ကို ကွေ့တဲ့နေရာမှာ ဓါတ်တိုင်ကြီးနဲ့ သစ်ပင်ကြီးတစ်ပင်က ကန့်လန့်ဖြတ်ပိတ်လို့...။ ပြည်ထဲရေးဝန်ကြီးရုံးရှေ့က အပင်ကြီးကလည်း လမ်းတစ်ခုလုံးကို ပိတ်ထားတယ်...။

တာမွေ အ၀ိုင်းထိပ်ဘက်ကို သွားကြည့်တော့ ရွှေညောင်ပင်ကြီးက အမြစ်ကနေကျွတ်ထွက်သွားတယ်...။ အနားက ဘီးလ်ဘုတ်ကြီးကလည်း လမ်းကို ပိတ်ထားတယ်...။ အ၀ိုင်းထိပ်ကနေ သင်္ဃန်းကျွန်းလမ်းဘက်ကို သွားတဲ့ဘက်ပိတ်သွားရော...။

ကျောက်မြောင်းကတော့ တိုက်ခန်းများလို့ထင်ပါရဲ့... အပင်တွေ နည်းနည်းသက်သာတယ်...။ ဖြစ်တယ် ထိတယ်ဆိုပေမယ့် ရန်ကင်းနဲ့ ဆရာစံရပ်ကွက်တွေလောက် မထိဘူး...။ အမိုးပွင့်သွားတဲ့ တိုက်ခန်းတွေတော့ ရှိသပေါ့...။

တောင်ဥက္ကလာဘက်ကို ဆက်ထွက်ခဲ့တယ်...။ ဂိုဒေါင်လည်း သွားကြည့်ရင်းပေါ့...။ လမ်းမှာ လူတိုင်းက ဓါးတစ်လက်စီနဲ့...။ တချို့ကလည်း ပေါက်ဆိန်တွေနဲ့...။ လဲသမျှ သစ်ပင်ကို ခုတ်ထွင်နေကြတယ်...။ ဘုန်းကြီးကျောင်းရှိတဲ့နေရာတွေက ဘုန်းကြီးတွေက ဓါးကိုယ်စီနဲ့ သစ်ပင်တွေကို ထွက်ခုတ်နေကြတယ်...။ သူတို့ပဲပေါ့...။ မနှစ်ကလည်း လူတွေ စားဝတ်နေရေး ပူလွန်းလှလို့ လမ်းပေါ်လျှောက်ခဲ့ကြသေးတာ...။ အခုတော့ ဓါးကိုယ်စီနဲ့...။

သစ်ပင်ပိနေတဲ့ အိမ်တွေကို အရပ်က လူအားနဲ့ ၀ိုင်းရှင်းနေကြတယ်...။ တချို့အိမ်တွေက လက်ဘက်ရည်ဖိုးလိုက်ပေးတာကို အတင်းငြင်းပြီး ထွက်ပြေးသွားတဲ့ ချာတိတ်တွေကို တွေ့ရတယ်...။ လက်မောင်းမှာ ဆေးမှင်နဲ့...။ နားမှာ နားကပ်အမည်းလေးတွေနဲ့...။ လက်ထဲမှာတော့ လွှတွေ၊ ဓါးမတွေနဲ့...။ သူတို့ပဲပေါ့ မနှစ်က ဘုန်းကြီးတွေလမ်းပေါ်ရောက်တော့လည်း လက်ချင်းချိတ်ပြီး ခပ်ရဲရဲ လိုက်ခဲ့ကြတာ...။
လူတွေအတွက် အခက်အခဲဖြစ်နေတာက ဓါတ်တိုင်တွေနဲ့ ဖုန်းတိုင်တွေ...။ ကြိုးတွေကိုလည်း မဖြတ်ရဲကြ...။ တိုင်တွေကိုလည်း ဘေးဖယ်လို့မရနဲ့...။ လမ်းတွေကို အများဆုံးပိတ်နေတာက အဲဒါတွေပဲ...။ သက်ဆိုင်ရာကလည်း တစ်ယောက်ဆို တစ်ယောက်မှ လမ်းပေါ်မှာ မတွေ့ရပါ...။ ကိုယ့်အရပ်ကိုယ် တာဝန်ယူထားကြရတာလေ...။

ဒုတိယကမ္ဘာစစ်ကားတွေမှာ ဂျာမန်တွေနဲ့ မဟာမိတ်တွေ ဥရောပမြို့ပျက်ကြီးတွေထဲမှာ စစ်တိုက်နေတဲ့ အခန်းတွေ ရုပ်ရှင်မှာ ကြည့်ဖူးမှာပေါ့...။ အဲဒီအတိုင်းပဲ...။ ရန်ကုန်မြို့ကြီးတစ်ခုလုံးဟာ စစ်ဘေးစစ်ဒဏ်တစ်ခုကို အကြီးအကျယ်သင့်ခံပြီးခါစလိုပဲ...။ မြို့ပျက်ကြီး...။ တကယ်ကို မြို့ပျက်ကြီး...။

အိမ်ပျက်သွားတဲ့လူတွေကလည်း ရရာ အထုပ်ကိုယ်စီဆွဲလို့ လမ်းပေါ်မှာ လမ်းလျှောက်နေတယ်...။ မုန်တိုင်းမတိုင်ခင်နေ့က ညဆိုင်းဆင်းရတဲ့ အလုပ်သမတွေကလည်း အလုပ်ခွင်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကနေ ကိုယ့်အိမ်ကို လမ်းလျှောက်ပြန်လာနေကြတယ်...။ လက်ထဲမှာ ချိုင့်ကိုယ်စီနဲ့...။ မျက်နှာတွေက အပျက်အစီးပုံကြီးတွေကြည့်ပြီး ကိုယ့်အိမ်ဘာများဖြစ်မလဲလို့ ပူပန်နေတဲ့ ပုံတွေနဲ့...။
စက်ဘီးတွေနဲ့ သွားနေတဲ့လူတွေကလည်း များမှများ...။ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေရှေ့မှာ သွပ်တွေ သံတွေ လာဝယ်သူတွေက ကျိတ်ကျိတ်တိုးလို့...။ တန်းစီလို့...။ မိုးကာဖျင်ရောင်းတဲ့ဆိုင်တွေလည်း လက်မလည်ကြဘူး...။ အမိုးပွင့်သွားတဲ့အိမ်တွေက ယာယီမိုးဖို့ လိုသကိုး...။

တိုင်းမှူးလို့ယူဆရတဲ့တစ်ယောက်ကတော့ လန်ခရူဇာအဖြူတစ်စီးကို အဲကွန်းဖွင့်ပြီး၊ လုံခြုံရေးကားတစ်စီးခြံရံလို့ အပျက်အစီးတွေကြားက ကားဝင်တိုးလို့ရသလောက် လိုက်ကြည့်နေတာ တွေ့ရတယ်...။

မီးမရှိတော့...။ ရေမလာတော့...။ ဈေးတွေမရှိတော့...။ စတိုးဆိုင်တွေနဲ့ ကုန်ခြောက်ဆိုင်တွေကမဖွင့်တော့...။
ဘယ်မှာလဲ... စွမ်းအားရှင်တွေ...။ ဘယ်မှာလဲ ကြံ့ခိုင်ရေးတွေ...။ ဘယ်မှာလည်း အမျိုးသမီးရေးရာတွေ...။ ဘယ်မှာလဲ ပြည်သူ့ရဲတွေ...။ ဘယ်မှာလဲ တပ်မတော်သားတွေ...။

သြော်... သူတို့တွေလည်း လောကီသားပေမို့ တို့လိုပဲ မိုးထဲ လေထဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်တဲ့လူကဖြစ်၊ ဘ၀ပျက်တဲ့လူတွေကပျက်၊ သေတဲ့လူတွေကသေ၊ ငတ်တဲ့လူတွေကငတ်လို့...။

အိမ်ကြက်ချင်းကိုအိုးမည်းသုတ်ခဲ့တာ...။ အခုတော့ ကြက်ခြံထဲက ကြက်တွေဟာ ဒီကြက်ခြံကြီး ဒုက္ခရောက်တော့ အတူတူရောက်ကုန်ကြရပြီ...။

တို့ကိုရိုက်ခဲ့တဲ့လူတွေ၊ တို့ကိုပစ်ခဲ့တဲ့လူတွေ၊ တို့ကိုသတ်ခဲ့တဲ့လူတွေ... ဒါပေမယ့် သူတို့နဲ့ တို့နဲ့ အတူတူပဲ...။ သူတို့နဲ့ တို့နဲ့အတူတူပဲဆိုတာကို သူတို့တွေ တွေးမိကြရဲ့လား...။ တွေးမိကြပြီလား...။
အယုတ်အလတ်အမြတ်မရွေး နာဂစ်က အားလုံးကို ထိပါးခဲ့ပြီ...။ အရေးကြီးတော့ သွေးစည်းရတော့မယ်...။ ဒီအခက်အခဲကြီး... ဒီအပျက်အစီးပုံကြီးတွေကို တို့တွေ အကုန်လုံး အတူတူ ရင်ဆိုင် ဖြတ်သန်းရတော့မယ်...။
အတွေးတွေအများကြီးနဲ့ မိုးချုပ်သွားခဲ့တယ်...။ မှောင်မည်းနေတဲ့ လမ်းတွေပေါ်မှာ လူတွေ မနားတမ်းလျှောက်နေကြတုန်းပဲ...။

ချစ်သူကို ပြောမိတယ်...။ ကိုယ်နိုင်ငံရေးလုပ်တာ... ကိုယ်အခြေခံဥပဒေကို မထောက်ခံတာဟာ ဒါတွေကြောင့်ပေါ့လို့...။ တကယ် ဒုက္ခဖြစ်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်တို့တွေ ရှောင်နေလို့ရတာမဟုတ်ဘူး...။ ဒုက္ခကို အားလုံး အတူတူခံစားကြရမှာ...။ ကိုယ်တွေက လုပ်မနေပါနဲ့ ကိုယ့်ထမင်းကိုယ်ရှာစားရတာဆိုပြီး ကိုယ်လွတ်ရုန်းလည်း တချို့ ကိစ္စတွေဟာ ရုန်းမလွတ်နိုင်ဘူး...။ နိုင်ငံရှိတဲ့လူတိုင်းမှာ ကိုယ့်နိုင်ငံကောင်းဖို့ လုပ်ပေးရန် တာဝန်ရှိတယ်...။ ဒါမှသာ ကိုယ်တွေလည်း အေးချမ်းစွာ နေထိုင်စားသောက်နိုင်မယ်...။
စနေညနေက...။


ကျွန်တော် ငိုနေခဲ့တယ်...။ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ စီးကျလာတယ်...။ လူမမြင်အောင် တစ်ဖက်လှည်ပြီး သုတ်နေရတယ်...။

ထမင်းစားတာဗျာ... ငရုတ်သီးနဲ့ စားနေရလို့...။

...ကျွန်တော် ထမင်းဆာနေတယ်အစ်ကို... ခင်ဗျားဘယ်မှာနေလို့လဲ... ဒုက္ခသည်စခန်းမှာပါ... ခင်ဗျားတို့စခန်းက ထမင်းမကျွေးဘူးလား... ကျွေးပါတယ်အစ်ကို... ဒါပေမယ့် ကျွန်တော် မစားနိုင်ဘူးဖြစ်နေတယ်... ဟင်းမကောင်းလို့လား... မဟုတ်ဘူးအစ်ကို ကျွန်တော် ရူးနေပြီ၊ ကျွန်တော် ဘာမှ စားမ၀င်တော့ဘူး၊ အဲဒီနေ့က ကျွန်တော်ရယ် ကျွန်တော့်မိန်းမရယ် သမီးသုံးယောက်ရယ် အတူတူရှိနေခဲ့တယ်၊ ၀ုန်းဆိုတဲ့အသံကြီးနဲ့အတူ အိမ်က ပွင့်ထွက်သွားပြီး ရေတွေထဲကို ကျွန်တော်ရောက်သွားတယ်၊ ကျွန်တော် သတိရတော့ ကျွန်တော့် မိန်းမနဲ့ သမီးလေးတွေ မရှိတော့ဘူး၊ ဘယ်မှမှ ရှာမတွေ့တော့ဘူး၊ ကျွန်တော့်သမီးအကြီးလေးဆို ၁၈နှစ်ပြည့်တာ လပိုင်းပဲ ရှိသေးတယ်...

...ကျုပ်ဗျာ ဟောဒီလက်နဲ့ ကျုပ်မိသားစုကို ဆုပ်ထားတာ၊ ရေတွေက တ၀ုန်းဝုန်းနဲ့လာရိုက်နေတယ်... လက်တွေက တဆတ်ဆတ်တုန်နေတယ်... ကျုပ်လက်ကို မလွှတ်ဘူး... ဒီဆုပ်ထားတဲ့လက်ကလေးတွေ လွတ်ထွက်သွားရင် သူတို့ကို တစ်သက်လုံး ပြန်တွေ့ရတော့မှာ မဟုတ်ဘူး... ဒါပေမယ့်ဗျာ ကျုပ်ဆုပ်ထားပါလျက်နဲ့ အဲဒီလက်တွေ ပြုတ်ထွက်သွားတယ်... အခု ဒီစခန်းမှာ ကျုပ်တစ်ယောက်တည်း...
... လေတွေက အနီရောင်ကြီး မြင်နေရတာ၊ ကျွန်မတို့ကြည့်နေတုန်းပဲ မီးပွားတွေ လွင့်လာတယ်... ဘယ်ကမီးတွေ ပါလာတာလဲ... သဲတွေက လေထဲမှာ အချင်းချင်းပွတ်ပြီး မီးပွင့်လာတာပြောတာပဲ၊ သေသေချာချာတော့ မသိဘူး၊ ကျွန်မယောက်ျားဆိုရင် ကျောမှာ မီးလောင်ဒဏ်ရာတွေကိုမနည်းဘူး...
... ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ရေလည်းမလာပါဘူး၊ စားစရာလည်းမလာပါဘူး၊ အဲဒါနဲ့ အခု ကျွန်တော်နဲ့ ဒီကကောင်လေးတွေ အကူအညီရောက်လာတဲ့ ပစ္စည်းတွေ ကူထမ်းပေးနေတယ်၊ ရတဲ့ ရိက္ခာလေးကို ဒီစခန်းမှာ ပြန်မျှကျွေးနေပါတယ်...

... သူတို့စားတဲ့ဆန်ကို ကြည့်ပါဦးဟယ်၊ ၀ါထိန်နေတာပဲ၊ ပုပ်စော်လည်း နံနေသေးတယ်... အဲဒါရေစိုလို့ ပျက်စီးနေတဲ့ ဆန်တွေလေ... ဟယ် ငါတို့လာလှူတဲ့ ဆန်တွေရော... အဲဒါတွေက ဂိုဒေါင်တွေမှာ သိမ်းထားတယ်... မမိုက်ပါဘူးဟယ်၊ သူတို့က ဆန်စိုက်ပြီး သူတို့ပြန်စားတဲ့ဆန်တွေကျတော့ ဒီလောက်တောင် ဆိုးရသလား...

... ကျွန်တော်က စီဒီအမ်အေဖုန်းကျတယ်ဆိုလို့ ပုသိမ်မှာ ဖုန်းသွားထုတ်တာ... အခုတော့ ကျွန်တော့် တစ်အိမ်လုံးမှာ ကျွန်တော် တစ်ယောက်တည်းကျန်တယ်ဗျာ...

...ဘုန်းကြီးပြော ဘာကိစ္စလည်း... ဒီလိုပါ ဥက္ကဋ္ဌကြီးရယ်၊ ဦးဇင်းကျောင်းမှာ ဒုက္ခသည် ၆၀၀ကျော် ရောက်နေပါတယ်၊ ဦးဇင်းတို့လည်း တတ်နိုင်သလောက် ကျွေးထားပါတယ်၊ အခုဟာက ၆ရက်ရှိသွားပြီ၊ အဲဒါ ဦးဇင်းတို့မှာ ကျွေးဖို့မရှိတော့လို့ အကူအညီလာတောင်းတာပါ... အဲဒီကိစ္စကို ဦးဇင်းတို့ ရ.ယ.က ဥက္ကဋ္ဌနဲ့ပြောပြီး၊ သူထောက်ခံရင် တပည့်တော်နဲ့ ၀န်ကြီးလာကြည့်မယ်၊ အပြည့်တော့မရနိုင်ဘူး၊ ရသလောက် လှူမယ်... ဘယ်အချိန်လောက်လာမလဲ ဒကာကြီး... ဒီမှာ ဒီလောက် အလုပ်များနေတာ ဦးဇင်းတွေ့တာပဲ၊ အားတဲ့အချိန်လာမှာပေါ့၊ အလှည့်ကျလာနေတာပဲဟာကို...

...အဲဒီနားတွေက သွားလို့မရဘူးအစ်ကို၊ ဘေးပတ်လည်မှာ အလောင်းတွေ ပုံနေတာပဲ၊ လူတွေလည်း ၀မ်းရောဂါဖြစ်နေကြတယ်၊ ကယ်ဆယ်ရေးကလည်း အဲဒီဒေသတွေကို မရောက်သေးဘူး၊ သူများတွေပြောတာတော့ အဲဒီလူတွေဆီက ရောဂါပိုးတွေ ဒီဘက်မကူးအောင် သေပလေ့စေလို့များ ပစ်ထားတာတဲ့...

... မြင်မကောင်းပါဘူးဗျာ... သစ်ပင်တွေပေါ်မှာ ချိတ်နေတဲ့ အလောင်းတွေဆိုတာ နည်းမှ မနည်းတာ...

... ပင်လယ်ဝမှာတော့ အများကြီးပဲဗျ... အလောင်းတွေရယ်... ဒီလိုပဲ ရေထဲမှာ ပုပ်ပွနေကြတာပဲ... ဆယ်ရက်လောက်ပါပဲ သူ့ဘာသာ အရိုးကျသွားမှာပါ...

... ကျွန်တော်ဗျာ ရေလုံးကြီးနဲ့ပါသွားပြီး လက်ကို သစ်ကိုင်းတစ်ခုလာထိလို့ ဖမ်းဆွဲထားလိုက်တာ... ရေကျသွားတော့ ကျွန်တော်ရောက်နေတာ အုန်းပင်ထိပ်ဖြစ်နေတယ်...

... လေကြောင့်သေတာမဟုတ်ရပါဘူးဗျာ... ဒီရေက ပေ ၂၀လောက်တက်လာလို့ ကျုပ်တို့ရွာ ရွာလုံးကျွတ်သွားတာ...

ခင်ဗျားတို့ရော မျက်ရည်ကျနေသလား...။

ကျွန်တော့်လိုပဲ ထမင်းဖြူကို ငရုတ်သီးစိမ်းနဲ့ စားမိဟန်တူပါရဲ့...။

ဒီငရုတ်သီး သိပ်စပ်တယ်ဗျာ...။ နော်...။

မနေ့က...။

My labels: Nargis, Nagis, Myanmar Cyclone, minO, မင်းအို နာဂစ် မုန်တိုင်း မြန်မာ ဗမာ , Mandalay Myanmar Burma Burmese News

11 comments:

CMS said...

:( ဘာနဲ့မှ ဖြေလို့မရအောင် စိတ်နာဖို့ကောင်းတယ်

Dawn Gwin (ဒေါင်းဂွင်) said...

ဖတ်လို့ ကောင်း...စိတ်ဝင်စားစရာကောင်းတဲ့ သတင်းဇတ်လမ်းလေးပါ။ ဒါနဲ့ စကားမစပ် ဗေဒင်နဲ့ အုပ်ချုပ်နေတဲ့ ဗေဒင်အစိုးရ ဘယ်တော့ သူတို့ ပြုတ်မလဲ ဆိုတာသိရင် တဆိပ်လောက် မျှပါအုံး။ မြန်မာပြည်သားများ သဘာဝဘေးဆိုးအန္တာရယ်အပြင် လူတွေကြောင့်ဖြစ်တဲ့ အန္တာရယ်ကပါ အမြန်ဆုံး လွတ်မြောက် ကြပါစေ။

Sai Aung Mane said...

ကျွန်တော်တို့ လည်း ထပ်တူထပ်မျှ ခံစားရပါတယ်ဗျာ... မင်း အမည်ခံပြီး မင်းကျင့်တရားကျတော့ နားမလည်တော့ဘူးလားမသိပါဘူး...ပြည်သူ တွေအချင်းချင်းဖေးမ ကူညီကြစေချင်ပါတယ်.. ကုန်ပစ္စည်းတွေကိုလည်း ဝယ်လိုအားအပေါ် အမြတ်မထုတ်ကြဖို့ ကုန်သည်တွေကိုတောင်းပန်ပါတယ်... ဒီအချိန်မှာ တတ်နိုင်သလောက်မေတ္တာထားကြပါဗျာ...

ဘားမားယူနိုက်တက် said...

http://burmaunited.blogspot.com/2008/05/blog-post_4885.html ကိုဇော်မျိုးကိုမွှေးမွှေးပေးချင်သူ

ရဲရင့်(ကနေဒါ) said...

ဘလော့ကာများအော်ကြပါ http://yeyintnge.blogspot.com/2008/05/blog-post_14.html

May Burma said...

I feel so sad reading this post

myatnoe said...

feel so sad.
cry again.
We have to support our ppl as we can.
:(

kyawthetlatt said...

ကြားရတာစိတ်မကောင်းစရာပါ ၊ အာရုံနောက်ပါ၏ ၊၊ :(

Thyda said...

so sad

research said...

ဖတ်လိုက်တာနဲ့ မဟုတ်မှန်းသိတယ်.. တကယ်အဲဒီနေရာတွေရောက်ဖူးလားမသိဘူး..အောက်ခြေမှာ ဒေသခံလူတွေက အလောင်းရှာ၊အလောင်းတွေ့တာတောင် ရွှေတွေ့ယင်လက်ဖြတ်၊နားဖြတ် ပြီးယင် မြုပ်ပေးဖော်မရ၊ရွာနားအလောင်းလာတင်ယင် ၀ါးလုံးနဲ့ အလောင်းကိုတွန်းထုတ်၊ တိုးအေးသင်္ဘောနစ်တုံးက သာဓကဘဲ.. ကယ်ဆယ်ရေးပစ္စည်းတွေလာလို့မှ ၀ိုင်းချမဲ့သူမရှိ၊ နိုင်ငံခြားသား၊ဗမာအလှူရှင်များလာယင် လမ်းဘေးမှာ တောင်းရမ်းနေသူတွေ..တွေ့မိရဲ့လား? တကယ်အုန်းပင်အထိ ရေတက်ခဲ့တာက ..လတာပြင်၊ကွင်းထဲနေသူတွေပါ။..သန်းကောင်စာရင်းမရှိ..ကွင်းထဲဖြစ်သလိုဆောက်ထားတဲ့ တဲပျောက်၊လူသေ..နေ့စားအောက်ခြေလူတန်းစားများ၊ လှေမြုပ်၊ ပိုက်ဆုံးတာက လုပ်ငန်းရှင်များ..အခုလုပ်ငန်းခွင်ဝင်ဖို့ ၊စဖို့ လူငှားမရ..ဘယ်ရမလဲ..စခန်းတွေမှာ..နေယင်ထမင်းစား၊နေဖို့မပူရဖူးလေ..အယင်က အလုပ်သမားတစ်ဦးတစ်နေ့ ၁၅၀၀.အခု ၅၀၀၀ ပေးတာတောင်အိုက်တင်ခံနေ..အယင်ကရေသန့်မသောက်ဖူးတဲ့ ကွင်းထဲကလူတွေ အခုမှရေသန့်မသောက်ရလို့ ရောဂါဖြစ်တာ..ဟုတ်ပါ့မလား..တကယ်ကွင်းဆင်းတဲ့ဆရာဝန်အဖွဲ့တွေအများကြီး..သွားမေးကြည့်..သူတို့ပြောပြပါလိမ့်မယ်..တကဲ့မြို့တွေမှာ ရေလူတစ်ကိုယ်တောင်မမြုပ်ခဲ့ဘူး. အချို့ရွာအနည်းငယ်လောက်ဘဲရေမြုပ်တာပါ..အသေအများဆုံးကကွင်းထဲကလူတွေ..မယုံသူများ..လက်တွေ့သွားကြည့်ကြပါ..လျှောက်ရေးတာတွေမယုံကြပါနဲ့..ကိုမောင်လှတော့အားနာပါတယ်..%အနည်းငယ်ထက် တကယ်ဖြစ်နေတာကို ..တကယ်အောက်ခြေမှာ လုပ်နေလို့..ကျုပ်သိတာ..

photayoke said...

သိပ်ကောင်းတဲ့ ပို့ စ်လေးဘဲဗျာ။ ပြည်တွင်းဘာလော့ဂ်ဂါ တွေက ဒီလိုမျိုးပို့ စ်ကို တော်ရုံတင်ရုံ တင်ရဲ ကြတာမဟုတ်ဘူး။ အစိုးရက ဟိုနားပိတ်လိုက် ဒီနားပိတ်လိုက် လိုက်လုပ်နေတော့ မတင်ရဲကြတော့ဘူး ဖြစ်နေတယ်။ ကျွန်တော့် ဘာလော့ဂ်ကိုလည်း လာခဲ့ပါလို့  ဖိတ်ခေါ်ပါတယ်။